Friday, May 18, 2012

ဆရာ့ကျေးဇူး အောက်မေ့ခြင်းအမှတ်တရ

   ပျံလွန်တော်မမှုမီ ၄ လအလိုစာရေးသူနှင့်ဆရာတော်ရိုက်ထားသည့်ပုံ

            သင်းကျွန်းတိုက်ကျောင်းဆရာတော်
မိမိ၏ငယ်ဆရာသင်းကျွန်းတိုက်ကျောင်းဆရာတော်ကားပျံလွန်တော်မူသွားပေပြီ။သို့ပေမဲ့ဆရာ့ကျေးဇူးတွေကိုကား
မေ့ထားလို့မဖြစ်ဘူးဟု စိတ်ထဲတွင်ခံယူချက်ထားလေသည်။ ပျံလွန်တော်မူခါနီးမှတ်မှတ်ရရ ဆရာတော်အားကျေးဇူးဆပ်ခွင့် နှစ်ခု ရခဲ့လေသည်။ မိမိစာသင်တိုက်ဗဟန်းညောင်တုန်းကျောင်းတိုက်ထုတ်မဂ္ဂဇင်းစာအုပ်
တစ်အုပ်ဝယ်ပြီးဆရာတော်အားအဝေးမှလူကြုံဖြင့်ထည့်လှူလိုက်သည်။ နောက်မှတကာတွေဆီမှသိရသည်က
အဲဒီစာအုပ်ကိုဆရာတော် နှစ်ရက်လောက်ဖတ်နေပြီး ငါ့တပည့်ပေးလိုက်သည့်စာအုပ်ဖတ်လို့တယ်ကောင်းဟေ့
ဟုဆိုကာတကာ တကာမတွေကိုပြောသည်ဆို၏။
နောက်တစ်ခုက...........
ဆရာတော်ပျံတော်မမူခင် တနှစ်အလိုရန်ကုန်သို့လာရောက်ရာတွင်။ ရွှေတိဂုံ ဘုရားသို့လိုက်ပို့ခွင့်ကြုံလေ၏။ တပည့်များစွာရှိနေသာဆရာတော်ကြီးတပါးအဖို့ မိမိလိုဝါငယ်သောရဟန်းတစ်ပါးအနေအားဖြင့်ထိုအခွင့်အရေးရခဲ့သည်မှာများစွာကံကောင်းလှပေသည်။
ဆရာတော်နဲ့အတူ ညီနောင် နှစ်ပါးနှင့် ရွှေတိဂုံဘုရားမှာ ဓာတ်ပုံရိုက်ခွင့်ရခဲ့တာ ဆရာတော်ရဲ့တပည့်တွေ
ထဲမှာတော့စာရေးသူတစ်ပါးသာရှိမည်ထင်ပါသည်။ ဆရာတော်ကိုရွှေတိဂုံသို့ပို့ပေးခွင့်ကားနောက်ဘယ်တော့မှမကြုံနိုင်တော့ပါလေ။

ဆရာတော်ရဲ့ လက်သုံးသြ၀ါဒများ
မင်းတို့စာသင်တိုက်ကိုရောက်ရင် ၃ နှစ်မပြည့်မချုင်း ဘယ်တော့ ဘယ်တော့မှ ရွာကိုပြန်မလာခဲ့နဲ့

ထိုင်နေလို့ဘာမှမဖြစ် တစ်ခုခုလုပ်ရင်တစ်ခုခုဖြစ်တယ်

ပစ္စည်းတစ်ခုကိုတွေ့ရင် သိမ်းထား သုံးနှစ်အတွင်းအသုံးဝင်လိမ့်မယ်ကွ

ဆရာတော်ရဲ့မှတ်ချက်
မိမိရဟန်းခံပြီး မန္တလေးသို့မပြန်တော့ဘဲ့ရွာမှာဘဲဝါဆိုပြီး ကျောင်းသားကိုရင်လေးများကိုစာချပေးနေခဲ့သည်။
စာရေးသူတို့ရွာရဲ့ထုံးစံက ရွာမှာဝါဆိုတဲ့ဥဇင်းတိုင်း ၀ါတွင်းအလှည့်ကျတရားဟောရသည်။
စာရေးသူမိမိအလှည့်ရောက်မလာခင်၂ ပါတ်လောက်ကတည်းကလေ့ကျင့်ထားရသည်။
ပထမဦးဆုံးတရားပွဲကို ကိုယ့်ဆရာသမားရှေ့မှောက် ကိုယ့် ရွာတကာတကာမများရှေ့မှောက်မှာဟောရမှာမို့
သေသေချာချာလေ့ကျင့်နေရသည်။ ပလ္လင်အပေါ်တက်တော့ အသံတွေတုန်နေပါသည်။ အာခေါင်တွေချောက်လာပြီ။ ပလ္လင်အောက်ကိုကြည့်လိုက်ပြန်တော့မျက်လုံးတွေအားလုံးက တရားဟောကိုယ်
တော်ကိုပဲ့ကြည့်နေကြသည်။ သြော်....ခက်ပြီ တရားကိုသာလေ့ကျင့်ခဲ့သည့်ငါ ၊ အများရဲ့အကြည့်ကိုခံနိုင်အောင်မလေ့ကျင့်ခဲ့မိသည့်အတွက်နဲနဲတော့အနေရခက်လှပေသည်။
တရားပွဲတွင် ကျောင်းမှာလိုအပ်နေသော ထင်းကိုလှူကြဖို့ ညှပ်ပြောလိုက်မိသည်။ အဲဒါကိုဆရာတော်ကြားတော့ငါပြောရသက်သာသွားအောင် တကာတကာမတွေကိုပြောပေးဖေါ်ရတယ် မဆိုးဘူးဟု မှတ်ချက်ပေးလိုက်သည်။
တရားကနဲနဲရှည်သွားတော့ ဥဇင်းလေး ပိဋကတ်သုံးပုံ ကုန်လောက်နီးနီးကိုဟောလိုက်တာပါလားလို့လဲ
မှတ်ချက်ပေးတာခံခဲ့ရသည်။
အခုတော့ မရှိတော့သောဆရာတော်ရဲ့မှတ်ချက်ကို တရားရှည်ရှည်ဟောခါနီးတိုင်းသတိရနေလေတော့
တိုတိုနဲ့လိုရင်းမိမဲ့တရားတွေကိုသာဟောဖြစ်ပါတော့သည်။

ဆရာတော်ရဲ့ဇွဲ
ဆရာတော်ကားနေ့စဉ်နေ့တိုင်း မနက် ၄ နာရီတွင်ထပြီးတစ်ကျောင်းလုံးကိုနိုးကားဘုရားရှိခိုးသည်။
နေ့စဉ်  ကိုရင်ကျောင်းသားများကို စာသင်ပေးသည်။
နံနက် ၅ နာရီတွင် ဆောင်းတွင်းဆို ငိုချင်လောက်အောင် သွားရခက်ခဲသောကျောက်ခဲလမ်းကိုဂရုမပြုဘဲ
နေ့တိုင်းဆွမ်းခံထွက်သည်။ တစ်ခါတစ်လေ ဥဇင်းငယ်များငယ်များအိပ်ပျော်နေမိ၍ ဆွမ်းခံကျန်ခဲ့ပါက ဆွမ်းခံမလိုက်သောဥဇင်းများအာရုံဆွမ်းတက်မစားရဲတော့ပေ။ အဲဒါသည်ပင် ဒဏ်ထမ်းခြင်းဖြစ်လေတော့သည်။

သာသနာတော်အတွက်ဆောင်ရွက်ချက်
သရက်ချောင်းမြို့လုံးဆိုင်ရာ ဥက္ကဌ
ဂဏ၀ိမုတ် ကူးတို့ဂိုဏ်းဆိုင်ရာ အတွင်းရေးမှုး(ဥက္ကဌတင်သော်လည်းမိမိထက်ဝါကြီးသောဆရာတော်တစ်ပါး
ရှိနေ၍ ထိုဆရာတော်ကိုဥက္ကဌနေရာထား၍ဆရာတော်ကားအတွင်းရေးမှုးနေရာသာနေလျှက်)
သာသနာအကျိုးကိုဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးနေ့
ဆရာတော်ကားခါတိုင်းပြုနေကျအတိုင်း ဘုရားဝတ်ပြု ဆွမ်းခံထွက်ပြီး အာရုံဆွမ်းစားသံချောင်းခေါက်တော့ဆရာတော် ကြွမလာတော့ပါ။
ကိုရင်တစ်ပါးသွားပင့်ခိုင်းတော့ ဆရာတော် ကုဋင်ပေါ်မှာ မှိန်းနေသည်ဟုပြန်ပြောတော့ ..
တပည့်ကြီးများသွားကြည့်ချိန်မှာတော့ဆရာတော်ကား ကုဋင်ပေါ်မှာ ဝေဒနာတွေကို တရားနဲ့ရှုမှတ်ရင်
အပြင်းအထန်တိုက်ပွဲဝင်နေတာကိုတွေ့မြင်ကြရသည်။
နောက်ဆုံးတော့ ဝေဒနာတွေကား……အနိုင်ယူသွားပါတော့သည်။ ရောဂါကား နှလုံးသွေးကြောကျဉ်းတဲ့။
ဆရာတော်ကိုဆေးရုံကိုပို့လိုက်ရပါတော့သည်။

လက်ကျန်ရှင်းတမ်း
ဆရာတော်ရဲ့တပည့်ကြီး ၃ ပါးကားနိုင်ငံခြားရောက်နေတော့ ကျောင်းလွှဲဖို့ကိစ္စကိုရွေးချယ်ရတာခက်နေသည်။
နိုင်ငံခြား ရောက်တပည့်ကြီး ၂ ပါး ယခုလက်ရှိ အကြီးဆုံးတစ်ပါး ၃ပါးဆိုင်ကျောင်းဟုလွှဲခဲ့ပါတော့သည်။
နိုင်ငံခြားရောက်တပည့်တွေအပေါ်ဆရာတော်ကား ချီးမွှမ်းနေမည်လား?
ကျောင်းမှာပဲ့ရပ်ကျိုးရွာကျိုးဆောင်ရွက်နေသော တပည့်တွေကိုပဲ့ချီးမွှမ်းနေမည်းလားဆိုတာကိုတော?့
ဆရာတော်ကိုယ်တိုင်မှလွဲ၍မသိနိုင်ပါတကား။

ဈာပနအခမ်းအနား
ဆရာတော်၏ဈာပနကို ဂဏ၀ိမုတ်ကူးတို့ဂိုဏ်းစည်းမျဉ်းအတိုင်း (၇)ရက်သာထားခွင့်ပြုပါသည်။
ဘုန်းကြီးသေရွာကျေ ဆိုတာမဖြစ်ရလေအောင်ရှေးဆရာတော်ကြီးများစီစဉ်ခဲ့လေဟန်တူသည်။
မိုးတွင်းဖြစ်လေတော့ အေးချမ်းခြင်းနိမိတ်တွေများဆောင်နေရော့လားပဲ့ နောက်ဆုံးနေ့မှာ
လူတွေဆိုကြက်ပျံမကျ ဆရာတော်ရဲ့နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ကြပါတယ်။
ဆရာတော်ရုပ်ကလာပ်တင်ဆောင်သောကားပေါ်သို့ ဆရာတော်၏တပည့်ကြီး ၄ ပါးက ၊ကားပေါ်တွင်
ရပ်ပြီး အနိစ္စာ ၀တ ဂါထားကိုရွတ်ဆိုဖို့စီစဉ်ထားပါသည်။
ကျန်သံဃာတော်တို့ ကား ခြေလျှင်ခရီးဖြင့်လိုက်ပါပို့ဆောင်ကြပါသည်။
စာရေးသူကား နောက်ဆုံးအခွင့်ရေးတစ်ခုဆိုက်ရောက်လာပါသည်။
ရုပ်ကလာပ်တင်ဆောင်သောကားပေါ်မှာရှေ့ ၂ ပါး နောက်နှစ်ပါး ရပ်ပြီးနေပေမဲ့ နောက်မှာအခေါင်းကို
ထိမ်းဖို့၂ ပါးလိုနေတော့သည်။ ၀ါတော်ငယ်သောမိမိအဖို့ ဒီလို့အခွင့်အရေးကားရှားပါးလှသမို့
ကားပေါ်ကိုအဖေါ်တပါးနဲ့အတူ နောက်ကထိမ်းဖို့တက်လိုက်သွားတော့သည်။
ဆရာတော်တင်ဆောင်လာသောကားပေါ်မှာမျက်ရည်မကျအောင်ထိမ်း၍အနိုစ္စာဝတဂါထာကိုသာ
တတွတ်တွတ်ရွတ်ရင်း သုဿာန်သို့လိုက်ပါပို့ဆောင်လေတော့သည်။

သုဿာန်သို့အရောက်တွင် မိုးနတ်သားသည်ပင်မျက်ရည်ကျလေရော့သလားထင်ရအောင်
မိုးတွေတအားရွာချလိုက်လေသည်။ စိုနေသောမျက်ရည်တွေလည်း မိုးရေနဲ့အတူ ကျခဲ့လေပြီ။
ရဟန်းတစ်ပါးရဲ့မျက်ရည်ကား မိုးနဲ့အတူ လူမသိ သူမသိ တိတ်တိတ်လေးခြွေခြလိုက်မိသည်။
သမုဒ္ဒရာထဲမှရေတွေသည်ကား မျက်ရည်မိုးတွေကြောင့်ပြည့်နေပါလားဆိုတာ သတိသံဝေဂရပြီး
ဆရာ့ကျေးဇူးကိုအောက်မေ့ရင်း သာသနာ့တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ကျိုးစားနေရပါတော့သည်။

 လက်ဦးဆရာအရေးပါ
ရဟန်းကောင်းရဟန်းမြတ်ဖြစ်မှု၊ရဟန်းယုတ် ရဟန်းညံ့ဖြစ်မှုသည်ဆရာ့အပေါ်မှာလည်းအခြေတည်နေတတ်ပါသေးသည်။အများအားဖြင့်ဆရာကောင်းကိုမှီခိုရမှသာရဟန်းကောင်းရဟန်းမြတ်ဖြစ်လာတတ်ပါသည်။ဆရာကောင်းကိုမမှီခိုရဘဲရဟန်းကောင်းရဟန်းမြတ်ဖြစ်လာသူများမှာရှိပင်ရှိသော်လည်းအရေအတွက်အားဖြင့်အလွန်နည်းပါးပါလိမ့်မည်။
သို့ဖြစ်၍သာသနာတော်၌ဆရာတပည့်ဆက်ဆံမှုသည်အရေးပါလှပေသည်။ကျမ်းတစ်စောင်တစ်ဖွဲ့ရေးသားမှသာ
ပြည့်စုံဖွယ်ရာရှိနေပါသည်။ဤ၌ကားလိုရင်းသဘောကို အမြွက်မျှသာပြဆိုရပါတော့မည်။
သာသနာအတွင်းသို့ဝင်ရောက်လာသူများအတွက်လက်ဦးဆရာကအရေးကြီးလှပေသည်။လက်ဦးဆရာညံ့လျှင်
တပည့်လည်းညံ့လာတတ်ပေသည်။လက်ဦးဆရာကောင်းလျှင်တပည့်လည်းကောင်းလာတတ်ပေသည်။
သို့ဖြင့် မသင့်တော်သော ဆရာကိုရှောင်ကြဉ်၍ သင့်တော်သောဆရာကိုဆည်းကပ်ရန်မှာ မိမိတို့၏ဘ၀ပေးတာဝန်မျှသာဖြစ်ပါတော့သည်။ဆရာအရွေးမှားက သံသရာတစ်လျှောက်လုံး ဒုက္ခဆုံးတော့မည်မဟုတ်ပါ။

အိမ်မှထွက်လာသောပုဂ္ဂိုလ်သည် ရှင်အဖြစ်၊ ရဟန်းအဖြစ်၏ ရသင့်သောစင်ကြယ်မှုကိုမရခြင်းကြောင့်အဆင့်
ဆင့်ပိုပြီးညစ်နွမ်းလာတတ်သည်။ ရဟန်း၏ ပိုမိုညစ်နွမ်းမှုမည်သည် အသက်မွေးမှုပျက်စီးခြင်းကြောင့်လည်းဖြစ်နိုင်သည်။ အကျင့်အယူ သီလစသည်တို့တွင် တစ်ပါးပါး(ပျက်စီးခြင်း) ကြောင့်လည်းဖြစ်နိုင်သည်။ပဏ် -ဋီ၊၂၄၇၊

ပုဂ္ဂိုလ်တစ်ဦးသည် ဆေးကုသမှုစသည်တို့ကိုပြုလုပ်နေသောပုဂ္ဂိုလ်၏အထံ၌ရှင်အဖြစ်၊ရဟန်းအဖြစ်ကိုရလာခဲ့
သည်။ထိုပုဂ္ဂိုလ်သည်မကြာမီမှာပင်ဆရာဥပဇ္ဈာယ်တို့နည်းတူ ဆေးကုသမှုစသည်တို့ကိုပြုလုပ်လာပါတော့
သည်။သူသည်ဤအသက်မွေးပျက်စီးမှုမှာတည်လျက် ရာဂစသောကိလေသာနှင့်တကွပင် သေသွားရတော့
သည်။ထိုသူသည် နောက်အဆင့်ဆင့် ပါစိတ်အာပါတ်စသည်တို့ကိုကျူးလွန်လာတတ်သည်။ မာတုဃာတကစသောအာနန္တရိယကံ ကိုလည်းပြုလုပ်လာတတ်သည်။ဤအယူသီလပျက်စီးမှုမှာတည်လျှက်ရာဂစသောကိလေသာ
နှင့်တကွပင်သေသွားရတော့သည်။ မူပဏ်-ဌ-၁၊၁၄၆။

အကြောင်းပြည့်စုံလုံလောက်မှုစသည်တို့ကြောင့်ထိုဘ၀မှာပင်စင်ကြယ်မည့်ပုဂ္ဂိုလ်တစ်ဦးသည် သီလကိုအသက်ကဲ့သို့ခင်မင်မြတ်နိုးသောသီလပြည့်စုံသောပုဂ္ဂိုလ်တို့၏ အထံ၌ရှင်အဖြစ်၊ရဟန်းအဖြစ်ကိုရလာခဲ့သည်။
ယင်းသီလ၀န္တပုဂ္ဂိုလ်တို့ကဆုံးမကြသည်၊သွန်သင်ကြသည်၊အနည်းငယ်မျှသောမေ့လျှော့ပေါ့ဆမှုကိုတွေ့ရသည့်
အခါမှာပင် ‘ရေဒဏ်ဘယ်နှစ်ခေါက်ထမ်းရမယ်၊သဲဒဏ်ဘယ်နှစ်ခေါက်ထမ်းရမယ်’ စသည်ဖြင့် ဒဏ်ပေးမှုကိုပြုကြသည်။
ထိုပုဂ္ဂိုမျိုးသည်ဆရာဥပဇ္ဈာယ်တို့ကိုအတုယူကာ ကျင့်သုံးလာပါတော့သည်။မကြာမီမှာပင် ၀တ်အကျင့်နှင့်ကောင်းစွာပြည့်စုံလာပါတော့သည်။ နောက်အဆင့်ဆင့်သီလ၌တည်၍မိမိနှင့်သင့်လျှော်သော ဘုရားဟောပါဠိတော်တို့ကိုသင်ယူကာ ဓုတင်စသည်တို့ကိုဆောက်တည်ပါတော့သည်။ထို့နောက်ဆရာ့အထံမှာကမ္မဌာန်း
ကိုတောင်း၍မြို့ကျောင်းမှာနေခြင်းကိုစွန့်လျှက် တောရကျောင်းတွင်သာနေထိုင်၍ တရားကျင့်လေ၏။
နိဗ္ဗာန်သို့စေလွှတ်ထားသောစိတ်ဖြင့်ကြိုးစားအားထုတ်လေသော် မကြာမီမှာပင်ရာဂစသောကိုလေသာတို့ကုန်ဆုံးရာနိဗ္ဗာန်ကိုမျက်မှောက်ပြုလေ၏။

ဆောင်ပုဒ်အသက်အသွင်၊သီလခင်သည့်၊ ထေရ်ရှင်မြတ်ကို၊ကပ်မှီခိုသော်၊ ပြောဆိုနေကျ၊ မပေါ့ဆအောင်၊
               ဆုံးမတိုင်းသာ၊ မလိုက်နာက၊ ဆရာရှင်မြတ်၊ ဒဏ်သတ်မှတ်၍၊ နှိပ့်ကွက်သည့်အခါ၊ လေးစားစွာ
               ဖြင့်၊ကျင့်လာတပည့်၊ သီလပြည့်သည်…….ထပ်ဖြည့်ပရိယတ်စသည်ကို။

ရဟန်း၏စင်ကြယ်မှုသည်အောက်ထစ်ဆုံးအားဖြင့် သီလစင်ကြယ်မှုကြောင့်၎င်း၊ကမ္မဌာန်းအားထုတ်မှု
ကြောင့်လည်း၎င်း၊ ဈန်ကိုရခြင်းကြောင့်၎င်း ၊၀ိပဿနာပွါများခြင်းကြောင့်၎င်း၊မဂ်ဖိုလ်ကိုရခြင်းကြောင့်၎င်းဖြစ်သည်။ မူ-ပဏ်-ဋီ၊၂၄၇။

သို့ဖြင့်စင်ကြယ်လိုသောရဟန်းသည် အောက်ထစ်ဆုံးအားဖြင့် မိမိ၏သီလကိုစင်ကြယ်အောင်စောင့်ထိန်းရမည်။
ကမ္မဌာန်းအားထုတ်ရမည်၊ ဆိတ်ငြိမ်ရအရပ်မှာနေရမည်။ တတ်နိုင်လျှင်ဈန်ကိုဖြစ်စေရမည်၊ဈာန်ကိုအခြေခံကာ
ဝိပဿနာပွါးများ၍ မဂ်ဖိုလ်ကိုအရယူရမည်။

ဆောင်ပုဒ်.. စင်ကြယ်လိုလတ်၊ရဟန်းမြတ်ကား၊ဖြူဆွတ်သီလ၊၀ိဝေက၀ယ်၊ဈာန်ရကျင့်ကြံ၊အခြေခံ၍၊မြဲမြံဝိပသ်၊
                ရှုတုံလတ်၊မြင့်မြတ်မဂ်ဖိုလ်ဆိုက်။
 
သြ၀ါဒဆရာ ဆည်းကပ်ပါ
သာသနာတော်၌ဆရာနှင့်တပည့်တို့သည်ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဆောင်သင့်သည်၊ ဆရာကတပည့်၏ကြီးပွါးရာကြီးပွါးကြောင်းညွန်ပြရမည်၊ ဆိုဆုံးမရမည်၊သြ၀ါဒပေးရမည်၊ မကောင်းမှုမှ
ရှောင်ကြဉ်စေရမည်၊ကောင်းမှုကိုပြုလုပ်ရန်လမ်းညွန်ရမည်။

တပည့်ကလည်း ဆရာကောင်း၏လမ်းညွန်မှုကိုလိုလိုချင်ချင်နာယူရမည်၊နားထောင်ရမည်၊ သိနားလည်အောင်စူးစိုက်ရမည်၊စိတ်ပါဝင်စားရမည်၊ဆရာအဆုံးအမမှသွေဖည်၍ မကျင့်သင့်ချေ။ရိုသေစွာလိုက်နာပြုကျင့်ရမည်။
ဤသို့ပြုကျင့်သောတပည့်သည် ဆရာကိုမိတ်ဆွေအရာမှာထား၍ ကျင့်ရာရောက်သည်၊ရန်သူအရာထား၍ကျင့်ရာမရောက်ပေ။
ယင်းပုဂ္ဂိုလ်မျိုးမှာသာ ကောင်းကျိုးအမျိုးမျိုးတိုးပွါးလာနိုင်သည်၊ချမ်းသာသုခရရှိနိုင်သည်။

 ဆရာ့ကျေးဇူး
အခါတစ်ပါး၌မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ……
အာနန္ဒာ.. ဆရာတဦးကိုအကြောင်းပြု၍တပည့်ဖြစ်သောပုဂ္ဂိုလ်သည် သရဏဂုံတည်၏၊ ငါးပါးသီလစောင့်ထိန်း၏၊ရတနာသုံးပါးကိုနှစ်ခြိုက်ယုံကြည်လက်ခံ၏၊အရိယာတို့နှစ်သက်သောသီလနှင့်ပြည့်စုံ၏၊သစ္စလေးပါးကိုအမှန်အတိုင်းသိမြင်၏။

ယင်းဆရာမျိုးကိုတွေ့မြင်ရသည့်အခါတပည့်ဖြစ်သောပုဂ္ဂိုလ်က ရှိခိုးခြင်းအမှု၊ ခရီးဦးကြိုဆိုမှု၊လက်အုပ်ချီမှု၊အရိုအသေပြုမှု၊ပစ္စည်းလေးပါးလှုဒါန်းမှုတို့ဖြင့်ကျေးဇူးတုံ့ ပြန်မှုကိုပြုသော်လည်း ‘ဆရာ့ကျေးဇူးကျေပြီဟု’
ငါဘုရားမပြောလိုပေ။ အဘယ်ကြောင့်ဆိုသော် ဆရာ့ကျေးဇူးကားများပြားလွန်းလှသောကြောင့်ပင်တည်း။

အကောင်းစားပစ္စည်းလေးပါးတို့ကို စကြ၀ဠာတိုက်တစ်ခုလုံးပြည့်အောင်ထည့်၍ မြင့်မိုရ်တောင်ကိုအထွဋ်တင်ပြီး
လှုစေကာမူ ဆရာအားလျှော်သောအမှုကိုမလုပ်နိုင်၊ ဆရာ့ကျေးဇူးမကုန်နိုင်သည်သာ။
 ဥပဏ်-ပါ၊၂၉၇၊ဌ၊၂၂၂။ဋီ၊၄၀၈။

ပျံလွန်တော်မူပြီးသောသင်းကျွန်းတိုက်ကျောင်းဆရာတော်အားဤဆောင်းပါးဖြင့်
ဆရာ့ကျေးဇူးအောက်မေ့တော်မူသည်။
ထားဝယ်ရဟန်းငယ်(18.5.2012)ည ၁၂နာရီ

No comments:

Post a Comment