Saturday, December 15, 2012

အာသဝေါမကုန်မချင်း အားထုတ်ပါ။

အာသဝေါမကုန်မချင်း အားထုတ်ပါ။
••••••••••••••••••••••••••••••

ဇေတ၀န်ကျောင်းတော်၌ ရှိနေသော ရဟန်းတို့ကို၊
ဘုရားရှင်က-ရဟန်းတို့ သင်တို့သည် ရဟန်းကိစ္စ ပြီးဆုံးကုန်ပြီ...
လော-ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့က မိမိတို့အသီးသီးယူဆထားသည်များကို လျှောက်ထားကြ၏။
တပည့်တော်သည် သီလစင်ကြယ်ပြည့်စုံပါ၏။
တပည့်တော်သည် ဓုတင်ဆောင်ပါ၏။
တပည့်တော်သည် ဆိတ်ငြိမ်သောကျောင်း၌ နေလေ့ရှိပါ၏။
တပည့်တော်သည် ဈာန်ရပါ၏။
ထိုသို့ဖြစ်သောကြောင့် အရဟတ္တဖိုလ်ရရန် မခဲယဉ်းတော့ပါဘုရား-ဟု လျှောက်ထားကြကုန်၏။

ထိုအခါ ဘုရားရှင်က၊ ရဟန်းတို့၊ သီလ-ဓုတင်-အနာဂါမ် ချမ်းသာမျှဖြင့် လုံလောက်ပြီ မဆိုနိုင်။ အာသဝေါမကုန်သေးလျှင် ချမ်းသာမရနိုင်။ ဤကဲ့သို့ စိတ်ကိုဖြစ်စေရမည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ထိုရဟန်းတို့ ရဟန္တာဖြစ်ကြလေသည်။

"သီလအကျင့် ရှိကာမျှဖြင့်၎င်း၊
အကြားအမြင် များကာမျှဖြင့်၎င်း၊
တည်ကြည်မှု သမာဓိ ရကာမျှဖြင့်၎င်း၊
ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊
ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏-ဟူ၍ သက်သာရာ (ရပ်နားခြင်း) သို့ မရောက်ပါစေလင့်"

( ဓမ္မပဒ - ဓမ္မဋ္ဌ၀ဂ် )

No comments:

Post a Comment