ကိုယ်တိုင်ရေးကျောက်စာ
အမေကပြောဘူးတယ် သားဟာလူလောကကိုအသံတိတ်ရောက်လာတာတဲ့.
လောကရဲ့ ရင်ကွဲသံတွေကိုနားထောင်နေမိလို့နဲ့တူတယ်တဲ့
ဟုတ်မှာပါ...... မွေးပြီးနှစ်နာရီလောက်အထိအသံမထွက်ဘဲမေ့နေသောလေးတစ်ယောက်ကို
မှတ်ချက်ပေးတာမဆန်းပါဘူးလေ ။
သားလောကြီးကိုစရောက်တဲ့နေ့မှာပိတောက်အနံ့တွေရနေတယ်အမေ..။
ပြက္ခဒိန်မှာကပ်နေတဲ့အိမ်မြှောင်တစ်ကောင်ကပါးစပ်ထဲသက္ကရာဇ်တွေအော်နေတယ်အမေ။
ဒါ..သားဘ၀ရဲ့ မွေးနေ့မွေးရက်တွေဆိုတာထင်တယ်.။
သား...ကိုရင်ဝတ်ချင်တယ်မေ
ဝတ်ချင်ဝတ်ပေါ့
မပျော်တဲ့တစ်နေ့အိမ်ကိုပြန်လာရမယ်နော်
မှတ်ပုံတင်မပါဘဲ ကိုရင်ဘ၀ကိုဖြတ်သန်းခဲ့တယ်။
သားဥဇင်းဝတ်တော့မယ်အမေ
ဝတ်ချင်ဝတ်ပေါ့
အိမ်ထောင်စုစာရင်းထဲကထုတ်မှာလားအမေ..။
ဘာဖြစ်လို့ထုတ်ရမှာလဲ
သား..ကအမေတို့သားပဲ့ဟာ
ကျောင်းကမိဘရင်ခွင်လောက်မမြဲဘူးသား...။
အမေ့စကားတွေနားမှာကြားရင်
ဥဇင်းဘ၀ကိုစာချုပ်မပါဘဲလျှောက်လှမ်းဆဲ....။
အမေ့မျက်လုံးနားကရေခဲ့တောင်တွေ
ဘယ်လိုအကြေင်းကြောင့်မှအရည်မပျော်စေရပါဘူး......
No comments:
Post a Comment